Feb 6, 2008

ဝေး(၁)

ချစ်သူ မလာပါနဲ့......
စိတ်ကူး မယဉ်ပါနဲ့ ....
ငါ့ဘ၀ကကြမ်းလို့ပါ
ချစ်သူ မကြင်နာပါနဲ့...
မနှစ်သိမ့်ပါနဲ့...
ငါက ပျော်ရွင်မှုကင်းမဲ့တဲ့ အရိုင်းတစ်ယောက်ပါ
တကယ်တော့
ငါဟာ အညတြပါကွာ
မင်းကို မျှဝေခံစားဖို့ မဖိတ်ခေါ်လိုပါဘူး
မင်းနဲ့ငါ မိုင်တွေဘယ်လောက်ဝေးဝေး
ငါကတော့ အမြဲသတိရနေမှာပါ
ငါသိတယ်
ဒါတွေဟာ အိမ်မက်တွေပေါ့ ......
ဆက်မက်ဖို့လည်း မတောင်းတတော့ပါဘူး
လမ်းခွဲသီအိုရီရဲ့ ဝေဒနာကိုပွေ့ဖက်
ဆောင်းနှင်တွေရဲ့ ကြားမှာ
တဆစ်ဆစ်နဲ့ ကိုက်ခဲတဲ့ အလွမ်းဝေဒနာ
ဘုရားပေးတဲ့ ဆုတစ်ခုလို ခံယူ
ငါဟာအညတြပါ....
ဘယ်လောက်ထိမှလဲ အရေးမပါ
ဘယ်လောက်မှလဲ မကြီးကျယ်ပါဘူး
ဒီဇင်ဘာရဲ့ ဆောင်းနှင်းတစ်ပွင့်လို့
စာရင်းမရှိ နံပါတ်လည်းမရှိ
အင်း.....လိုက်ရင် ပြီးတဲ့လောကကြီးမှာ
ငါဟာ အညတြပါ....

Feb 3, 2008

စိတ္တဇလွင်ပြင်

ကျွန်တော့်မုန့်ဖိုးတွေ မြစ်ဖျားခံရာ မေမေ့မေတ္တာ
မီးခံသေတ္တာလေးက အဲ့ဒီမှာ ........
လှော်တက်လည်း ကျွန်တော်ပဲ လှေငယ်လည်း ကျွန်တော်ပဲ
ကျွန်တော့်ကို ကျွန်တော်အဲ့ဒီ လမ်းလေးအတိုင်း လှော်ခတ်ခဲ့။
သူမရဲ့ ကော်ပတ်ရုပ်ကလေးတွေ ပျံ့ကြဲ ရှုပ်ပွနေတဲ့
သူ့မ အမေရဲ့ အပြုံးစစ်စစ်လေးက အဲ့ဒီမှာ ...........
အဘိုးအိုးလည်း သူမပဲ... တောင်ဝှေးလည်းသူမပဲ
သူမကိုယ် သူမအဲ့ဒီလမ်းလေး အတိုင်း သယ်ဆောင်ခဲ့။
လူကူးမျဉ်းကျားလေးကို ကျွန်တော်နဲ့သူမ ပြိုင်တူကောက်ယူပြီး
ထမ်းလာလိုက်တယ်။ မောတယ်........ ပျော်တယ်........
ကျွန်တော်တို့ရဲ့ ခြေရာတွေနဲ့ စိမ့်ဝင်အသားကျသွားတဲ့
ကုန်းမြေမှန်သမျှ ဟိုင်းဝေးလမ်းမကြီးတွေ ဖြစ်ကျန်ခဲ့လေရဲ့
ပြန်လှည့်ကြည့်လေ၊ ကြည်နူးလေပေါ့။
ရယ်သံတွေဟာ မင်္ဂလာရှိခဲ့တယ်လေ.............
သူမရဲ့ အရိပ်ဟာ ကျွန်တော့်ကိုယ်သဏ္ဍာန်ဖြစ်နေပြီး
ကျွန်တော့်ရဲ့ အသွေးအသားတွေဟာ သူမရဲ့ အားမာန်တွေ
ဖြစ်သွားတယ်........
အဲံဒါကိုလည်း ကြည့်ကြည့်ပြီး ကျွန်တော်တို့
ဟား...တိုက် - ရယ် - မော - ကျေ - နပ် -
ဒါ = ငါတို့ဘ၀ = လို့အော်ခဲ့ကြတယ်နော်......
မထင်ထားတဲ့ အရာတစ်ခုနဲ့ ကျွန်တော်တို့ဝင်ဆောင့်မိတယ်
အဲ့ဒီမှာ ကျွန်တော်တို့ ထမ်းလာတဲ့ လူကူမျဉ်းကျားလေး
ထက်ပိုင်းပြတ် ကျူးသွားတယ်။
သတိရချိန်မှာ သူမရော ကျွန်တော်ပါ
တစ်နေရာစီ လွင့်စင်ရောက်ရှိနေခဲ့။
ဝမ်းနည်းကြေကွဲမှုတွေနဲ့ ကိုယ်စီပြန်တွေ့နိုင်ဖို့
ခြေဦးတည့်ရာ လျှောက်နေမိခဲ့
သမိုင်းတို့၊ ပြက္ခဒိန်တို့ဆိုတာတွေ ကျန်ခဲ့တယ်။
သူမ အပေါ်ယွန်းယွန်း လျှောက်သွားခဲ့၊ ချောက်ထဲကို
ကျွန်တော်က အောက်ယွန်းယွန်းကို လျှောက်လာခဲ့ ချောက်ထဲကို
လူလောကရဲ့ သတ်မှတ်ချက်များ၊ ဆန့်ကျင်မှုများ
ကွဲလွဲချက်များ ဟူသမျှ အဲ့ဒီ သံသရာထဲမှာ ဘာမဟုတ်တဲ့
တူညီခွင့်ကို ရကြတယ်။
ကျွန်တော်ဟာ ကျွန်တော် မဟုတ်၊ သူမဟာ သူမ မဟုတ်
တခုခုဟာ တစ်ခုမှ မဟုတ်။
ဘာမှန်းမသိတဲ့ တူညီခြင်းနဲ့ သံသရာထဲ လည်ပတ်
လူဘ၀ထဲ ပြန်ဝင်တာလား...... လူ့ဘ၀ထဲကပြန်ထွက်လာတာလား.....
သံသရာကြီးကိုယ်တိုင် သူ့ကိုသူ
အပတ်ရေ ဘယ်လောက်ရှိမှန်းမသိပါဘူး
ဘာမမဟုတ်တဲ့ တူညီမှုနှင့် သူကိုယ်တိုင်
တန်းတူ လည်ပတ်ခဲ့။
လူတွေဟာအရူးဆိုရင်
အဲ့ဒီ သံသရာကိုယ်တိုင်လည်း ရူးနေနိုင်တာပဲ
ပုထုဇဉ်ဆန်စွာ ပြောစရာ တစ်ခုပဲကျန်တော့တယ်.....
အဲ့ဒီ တောင်ကုန်းလေးပေါ်မှာ သူမနဲ့ ကျွန်တော်
သွားဖူးမြော် ပူဇော်ဖို့
ရည်ရွယ်ပြီး မရောက်ဖြစ်ခဲ့တဲ့
စေတီဖြူလေး ရှိတယ်။